Friday, January 21, 2011

မြန်မာနိုင်ငံသားဆရာများနှင့် ဝေဖန်ပိုင်းခြားစဉ်းစားခြင်း


Thursday, 20 January 2011 15:27
ဒေါက်တာသိန်းလွင်
ချင်းမိုင်မြို့တွင် အခြေစိုက်သည့် ”မြန်မာနိုင်ငံသားများ ဆရာအတတ်ပညာသင်တန်း’ မှ ဝေဖန် ပိုင်းခြား စဉ်းစားရန် စာဖတ်ခြင်းနှင့် စာရေးခြင်း (RWCT) သင်ကြားနည်း စံနစ်များကို ပို့ချခဲ့သည်မှာ ဆယ်နှစ်ရှိပါပြီ။
RWCT သည် ကျောင်းသားများ၏ တက်ကြွစွာ သင်ယူခြင်းနှင့် ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကို အားပေးသော နည်းစနစ်များ ဖြစ်ပါသည်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းများကို အနောက်နိုင်ငံကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော်လည်း မြန်မာနိုင်ငံကျောင်းများတွင် အသုံးပြုရန် ခက်ခဲနေပါသေးသည်။ ဤဆောင်းပါးတွင် ကျွန်တော်ပြောလိုသည်မှာ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းသည် အနောက်နိုင်ငံများ၏ အယူအဆ သက်သက်မျှသာ မဟုတ်ဘဲ အာရှ၏ အစဉ်အလာ အတွေးအခေါ်တစ်ရပ် ဖြစ်ပါသည်။
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းသည် အာရှ၏ အတွေးအခေါ် ဖြစ်သည်ဆိုလျှင် အဘယ့်ကြောင့် မြန်မာနိုင်ငံ ကျောင်းများတွင် အလွတ်ကျက်သည့်နည်းကို သုံးနေသနည်းဟု မေးစရာရှိပါသည်။ ဤမေးခွန်းကို မဖြေမီ RWCT နည်းစနစ်၏ နောက်ခံသမိုင်းအကျဉ်းကို အရင်တင်ပြလိုပါသည်။

အဆိုပါနည်းစနစ်များကို ၁၉၉၈ ခုနှစ်တွင် အမေရိကန်တက္ကသိုလ် ဆရာသုံးဦး ((Jeanny Steele, Kurt Meredith, Charles Temple) တို့က ရေးသားခဲ့ကြပြီး သင်တန်းများ ပို့ချပေးခဲ့ပါသည်။ နိုင်ငံတကာ စာဖတ်အသင်း (IRA) နှင့် Open Society Institute တို့မှ ဤနည်းစနစ်များကို အရှေ့ဥရောပနိုင်ငံများသို့ ဖြန့်ဝေပေးခဲ့ကြပါသည်။
RWCT အကြောင်းကို ၂ဝဝဝ ခုနှစ်ရောက်မှ ကျွန်တော် စတင်ကြားဖူးခဲ့ပါသည်။ အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ် တက္ကသိုလ်တွင် ပညာသင်နေစဉ်က မြန်မာနိုင်ငံပညာရေးသမိုင်းကို ပြန်လည်လေ့လာရာတွင် ကျွန်တော်၏ တွေ့ရှိချက်တစ်ရပ်ကို ဘွဲ့ယူစာတမ်းတွင် ထည့်သွင်းရေးသားခဲ့ပါသည်။
ကျွန်တော်၏ တွေ့ရှိချက်မှာ ”မြန်မာနိုင်ငံ ကျောင်းသားများသည် အလွတ်ကျက်မှတ်ရသည့် နည်းစနစ်ကြောင့် ဝေဖန်ပိုင်းခြားစဉ်းစားရန် အခွင့်အလမ်းများ ဆုံးရှုံးနေကြရသည်’ ဟု ဖြစ်ပါသည်။ ဤစာတမ်းကို နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တွင် ကျင်းပသည့် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးပွဲတစ်ခုတွင် သွားရောက် ဖတ်ကြားခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် OSI မှ အမျိုးသမီးတစ်ဦး ကျွန်တော့်ကို လာရောက်မိတ်ဆက်ပြီး အရှေ့ဥရောပနိုင်ငံကျောင်းများတွင် ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကို မြှင့်တင်သည့် RWCT နည်းများကို ကျင့်သုံးနေကြောင်း ရှင်းပြပါသည်။ ကျွန်တော် အလွန်စိတ်ဝင်စားပါသည်။
အော်စလို ဆွေးနွေးပွဲပြီး၍ ကျွန်တော် ထိုင်းနိုင်ငံပြန်ရောက်ပြီး မကြာခင်တွင် OSI မှ အီးမေးလ် လာပါသည်။ ရိုမေးနီးယားနိုင်ငံတွင် RWCT ညီလာခံ ကျင်းပမည်ဖြစ်ကြောင်းနှင့် ကျွန်တော် တက်ရောက်ရန် ဆန္ဒရှိ မရှိ မေးပါသည်။
ကျွန်တော်က ညီလာခံ တက်လိုကြောင်း အကြောင်းပြန်ပြီးနောက် OSI မှ ကျွန်တော့်ထံ လေယာဉ်လက်မှတ် ပို့ပေးပါသည်။ ရိုမေးနီးယားနိုင်ငံ ဘူခါရက်လေဆိပ် ရောက်ပြီးနောက် လေဆိပ်မှ ကျွန်တော်၏ ပြည်ဝင်ခွင့်ကို ငြင်းပယ်သဖြင့် ညီလာခံမတက်နိုင်ဘဲ ထိုင်းနိုင်ငံသို့ ပြန်ခဲ့ရပါသည်။
ညီလာခံကျင်းပသူများက ကျွန်တော့်အား စာနာပြီး RWCT ဆရာလေးဦးကို ချင်းမိုင်သို့ စေလွတ်ခဲ့ပါသည်။ RWCT နည်းစနစ်များကို ထိုဆရာများထံမှ ကျွန်တော်သင်ယူပြီးနောက် ပြန်လည်ပို့ချနိုင်သည့် သင်တန်းဆရာအဖြစ် အသိအမှတ်ပြုခြင်းခံရပါသည်။
၂ဝဝ၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသား ဆရာများကို RWCT နည်းစနစ်များ ဖြန့်ဝေပေးခဲ့ပါသည်။ အစပိုင်းနှစ်များတွင် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိ ကျောင်းများမှ ဆရာ ဆရာမများနှင့် မဲဆောက် မြန်မာရွေ့ပြောင်း အလုပ် သမားများ၏ ကလေးများအတွက် ဖွင့်လှစ်ထားသော ကျောင်းများမှ ဆရာ ဆရာမများကို သင်တန်းပို့ချခဲ့ပါသည်။ ၂ဝဝ၅ ခုနှစ်တွင် ချင်းမိုင်မြို့တွင် ဖွင့်လှစ်သည့် သင်တန်းတွင် မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင် ကျောင်းများမှ ဘုန်းတော်ကြီး တစ်ပါးနှင့် ဆရာ ဆရာမများ ပါဝင် တက်ရောက်ကြပါသည်။
အဆိုပါ ဘုန်းတော်ကြီးသည် စာချကိုယ်တော်တစ်ပါးဖြစ်ပြီး ဗုဒ္ဓစာပေကျန်းဂန်နှံစပ်သူ ဖြစ်ပါသည်။ ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
‘အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်း မပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အဝါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာသမားက ပြောသည်ဆိုသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်’ ဟောကြားပါသည်။
ဝေဖန်ပိုင်းခြားစဉ်းစားခြင်းသည် အာရှ၏အစဉ်အလာ ယဉ်ကျေးမှုဖြစ်သော ဗုဒ္ဓတရားတော်နှင့် ကိုက်ညီသည် ဆိုလျှင် အဘယ့်ကြောင့် မြန်မာနိုင်ငံ ကျောင်းများတွင် ဤအစဉ်အလာကောင်းများ ကွယ်ပျောက်နေပါသနည်း။ ကျွန်တော်၏ အယူအဆမှာ ဗုဒ္ဓ၏ တရားတော်များ တိမ်ကောကွယ်ပျောက်ခြင်း မရှိစေရန် ရဟန်းတော်များက နှုတ်တိုက်အာဂုံ ရွတ်ဆိုခဲ့ကြပါသည်။ နှစ်ပေါင်း ၅ဝဝ ကျော် အကြာတွင် စာပေအရေးအသား ပေါ်ပေါက်လာပြီးနောက် ဗုဒ္ဓကျမ်းဂန်များကို ပေထက်အက္ခရာ တင်နိုင်ကြသော်လည်း အလွတ်ကျက်သည့် အလေ့အထမှာ ယနေ့အထိ ကျင့်သားရနေဆဲ ဖြစ်ပါသည်။
RWCT နည်းစနစ်တွင် အလေးထားသည့် တက်ကြွစွာသင်ယူခြင်းနှင့် ဗုဒ္ဓ၏ သင်ကြားနည်းကိုလည်း နှိုင်းယှဉ်ကြည့်မိပါသည်။ ဦးရွေအောင်ရေးသားသည့် ‘ဗုဒ္ဓ၏ သင်ကြားနည်းများ’ စာအုပ်တွင် ထူးခြားချက် တစ်ရပ်ကို တွေ့မိပါသည်။
ဖခင်ကိုသတ်၍ ထီးနန်းရယူခဲ့သည့် အဇာတသတ်ဘုရင်သည် မိမိ၏ အမှားအတွက် တုန်လှုပ်ပြီး ဗုဒ္ဓထံ လာရောက်စဉ်တွင် ရဟန်း ၅ဝဝအား သင်ကြားပြသနေ့သည့် ဗုဒ္ဓကို တွေ့မြင်ရကြောင်းနှင့် ရဟန်း ၅ဝဝ တို့က တိတ်ဆိတ်ငြိမ်သက်စွာ သင်ယူနေကြသည်ကို ထိတ်လန့်မိကြောင်း ရေးသားထားပါသည်။ သူကဲ့သို့ သက်ဦးဆံပိုင် ဘုရင်ကတောင် လူတွေကို ဤကဲ့သို့ ငြိမ်သက်အောင် မလုပ်နိုင်ဘဲ ဗုဒ္ဓက လုပ်နိုင်စွမ်းသဖြင့် ကြည်ညိုမိကြောင်း ပါရှိပါသည်။
တက်ကြွစွာသင်ယူခြင်း ဆိုသည်မှာ ခန္ဓာကိုယ် လှုပ်ရှားတက်ကြွခြင်းဟု နားလည်ခဲ့သော ကျွန်တော်သည် RWCT နှင့် ဗုဒ္ဓ၏ သင်ကြားနည်းမှာ ကွဲပြားသည်ဟု အစတွင် ထင်ခဲ့ပါသည်။ တက်ကြွစွာ သင်ယူခြင်းသည် စိတ်ပိုင်းဆိုင်ရာ (ဦးနှောက်) လှုပ်ရှားမှုကို ဆိုလိုသည်ဟု နားလည်လာသောအခါ RWCT နှင့် ဗုဒ္ဓဝါဒ တစ်ထပ်တည်းကျသည်ဟု မြင်လာပါသည်။
ပဠာစာရီဇာတ်တော်တွင် လင်သေသားဆုံး၍ အရူးတပိုင်းဖြစ်နေသော ပဠာစာရီသည် ဗုဒ္ဓထံသွားရောက်ကာ လင်နှင့်သားကို ပြန်ရှင်အောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါသည်။ ဗုဒ္ဓက လူမသေဘူးသေးသော အိမ်မှ မုံညင်းဆီယူခဲ့ရန် မှာကြားသဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း မုံညင်းဆီတောင်းရင်း တရားရသွားသော ပဠာစာရီကို ဗုဒ္ဓ၏သင်ကြားမှုသည် RWCT နည်းစနစ်မှ အားပေးသည့် လက်တွေ့နှင့် အဆက်အစပ်ပြု၍ သင်ကြားခြင်းနှင့်လည်း တူညီပါသည်။
ဤအထက်ပါအချက်များကြောင့် RWCT နည်းစနစ်ဖြစ်သည့် ဝေဖန်ပိုင်းခြားစဉ်းစားခြင်းသည် အာရှ၏ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း ကျွန်တော် ယုံကြည်ပါသည်။ ဤယုံကြည်မှုသည် ကျွန်တော့်အား တွန်းအားဖြစ်စေပြီး RWCT နှင့် အခြားယဉ်ကျေးမှုများ၏ ဆက်စပ်မှုကိုလည်း ဆက်လက်လေ့လာသွားပါမည်။
လေးစားစွာ
ဒေါက်တာသိန်းလွင်
(မြန်မာနိုင်ငံသားများ ဆရာအတတ်ပညာသင်တန်း)


maukkha

No comments: