Tuesday, February 17, 2009

ငါအိုသွားသောအခါ


ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက "ဘာကြောင့်ဆိုတဲ့" မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်လျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ အားပေးပါ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘဝနောက်ဆုံး အချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ မေတ္တာတွေ တွေ့ရမှာပါ။
သားတို့သမီးတို့ရေ ------ ထာဝရပျော်ရွင်ချမ်းမြေ့ကြပါစေကွယ်------။

ရေးသူမသိပါ။ လက်ကမ်းစာစောင်တစ်စောင်မှ

No comments: