ဆလိုင်းပီပီ
စနေနေ့၊ ဒီဇင်ဘာလ 13 2008 15:16 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္စျိမ)။ ။ ဆယ်စုနှစ်တခုအတွင်းမှာပင် ဆင်အကောင်ရေ ၂၅၀ အထက်နှင့် ဆင်စွယ်များ မြန်မာပြည်တွင်းမှ ခိုးထုတ်ခံသွားရကာ ဆင်ဦးရေ သိသိသာသာ လျော့နည်းကျဆင်းသွားပြီဖြစ်ကြောင်း အစီရင်ခံသစ်တခုက ဖော်ပြထားသည်။
သဘာဝ တောရိုင်း တိရစ္ဆာန်များကို ကူးသန်းရောင်းဝယ်မှု စောင့်ကြည့်လေ့လာရေး ကွန်ယက်အဖွဲ့ တခုဖြစ်သော TRAFFIC ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဆင်နှင့် ဆင်စွယ်များ တရားမဝင် ရောင်းဝယ်ဖောက်ကားရာ ဗဟိုချက်မတခုဖြစ်နေသောကြောင့် အမဲလိုက်မုဆိုးများနှင့် မသမာရောင်းဝယ်သူတို့၏လက်ချက်ဖြင့် အဖိုးတန် တိရစ္ဆာန် ကြီးများ ဆုံးရှုံးနေရသည်ဟုဆိုသည်။ မြန်မာနိုင်ငံမှ ဆင်များကို အိမ်နီးပတ်ဝန်းကျင်နိုင်ငံများသို့ အဓိက ခိုးထုတ်ရောင်းချနေသည်ဟု ဆိုသည်။
TRAFFIC အဖွဲ့မှ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းအရာရှိဖြစ်သူ ခရစ် အာ ရှက်ဖ်ဖတ်က ပြောကြားရာတွင် " အမဲလိုက်တာရယ်၊ နယ်စပ်ဖြတ်ပြီး ခိုးရောင်းတာတွေရယ်ကြောင့် မြန်မာပြည်က ဆင်ဦးရေ ကျသွားပြီ"
မှောင်ခိုခိုးထုတ်သော ဆင်အများစုမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိကုန်ပြီး ခရီးသွားလုပ်ငန်းများက ဖျော်ဖြေရေးလုပ်ငန်းများနှင့် တောလမ်းသွားခရီးစဉ်များတွင် အသုံးပြုလျှက်ရှိသည်ဟု ရှက်ဖ်ဖတ် က ပြောသည်။
"ထိုင်းခရီးသွားလုပ်ငန်းယန္တရားကြီး၏ လိုအပ်ချက်ကို ပြည့်မှီစေရန် ဆင်မများနှင့် သန်မာကြံ့ခိုင်သော ဆင်များကို အဓိက ပစ်မှတ်ထားနေခဲ့ကြသည်။ ထိုဆင်များကို တောလမ်းကြမ်းခရီးသွား စင်တာများ တွင် အသုံးပြုကြသည်" ဟု အစီရင်ခံစာက ရေးသားထားသည်။
အစီရင်ခံစာအဆိုအရ မြန်မာနိုင်ငံ၏ စျေး ၁၄ ခုကို စစ်တမ်းကောက်ယူရာတွင် ထိုင်း၊ တရုတ်နိုင်ငံများနှင့် နီးကပ်သော နယ်စပ်ရှိ စျေးသုံးခုတွင် ဆင်စွယ်အပိုင်းအစပေါင်း အနည်းဆုံး ၉၀၀၀ နှင့် အစွယ်ချောင်းလိုက် ၁၆ ခု ရောင်းဖို့ ပြသထားသည်ဟု ဆိုသည်။
နယ်စပ်လမ်းကြောင်းကွဲများအနက် ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဘုရားသုံးဆူတောင်ကြားလမ်းသည် ဆင်နှင့် ဆင်စွယ်များ ခိုးထုတ်ရာ အဓိက လမ်းကြောင်းတခု ဖြစ်သည်ဟု ခရစ်က ပြောသည်။
နည်းလမ်းပေါင်းစုံဖြင့် ဆင်များကို သယ်ဆောင်နေကြပြီး အချို့ကတော့ ဗြောင်ဗြောင်တင်းတင်းပင် အမိုးဖွင့် ကုန်တင်ကားကြီးများဖြင့် နယ်စပ်ဖြတ်ကျော်သယ်ယူကြသည်ဟု ခရစ်က ထပ်ပြောသည်။ ကုန်သည်များအပြင် အစိုးရဝန်ထမ်းများလည်း ကုန်သည်များထံမှ လာဘ်ငွေရယူကာ အားပေးအားမြှောက်ပြုနေကြသည်ဟု ခရစ်စ်က ဖြည့်စွက်ပြောကြားသွားသည်။
"ကျနော်တို့ သုတေသနလုပ်တော့ ဘာအထောက်အထားကို သွားတွေ့လဲဆိုတော့ အကျင့်ပျက်ခြစားမှုက ဆင်နဲ့ ဆင်စွယ်တွေ ခိုးထုတ်တာကို ခွင့်ပြုနေတယ်ဆိုတာပဲ"
နယ်စပ်ဖြတ်ကျော် တရားမဝင်ရောင်းဝယ်မှု ရပ်ဆိုင်းသွားအောင် နယ်စပ်စောင့်လုံခြုံရေးများ ပိုမိုလိုအပ်သည်ဟု ခရစ်က ပြောသည်။
မြန်မာအာဏာပိုင်များအနေဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံများမှ အရာထမ်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကာ တားမြစ်ရေး လုပ်သင့်သည်ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။
"အာရှဆင်တွေ အများဆုံးရှိတဲ့နေရာဖြစ်ဖို့ မြန်မာပြည်မှာ အလားအလာ ရှိနေတယ်။ ဒါပေမယ့်လည်း တရားမဝင် ဖမ်းဆီး သတ်ဖြတ်လို့ ဆင်တွေ မျိုးတုံးအောင် လုပ်နေတာတွေကို တွေ့ရတာ စိတ်မကောင်းစရာပါပဲ" ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာ သမဂ္ဂ တွဲဖက်ဥက္ကဌ အာဂျေး ဒီဆိုင်းက ကြာသာပတေးနေ့က ဖြန့်ဝေသော သတင်းလွှာတွင် ဖော်ပြထားသည်။
"အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဖမ်းလို့ရလာတဲ့ ဆင်တွေကို အသုံးပြုတဲ့ သူတို့ရဲ့ ပေါ်လစီကို လေးလေးနက်နက် ပြန်သုံးသပ်ဖို့ လိုနေပါတယ်။ ပြီးတော့ သဘာဝတောရိုင်းထွက် ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာ ရပ်ဖို့ ဥပဒေနဲ့ ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုတယ်" ဟု ဒီဆိုင်းက ပြောသည်။
မဇ်ဈိမနှင့် ပြုလုပ်သော အင်တာဗျူးတခုတွင် ခရစ်က ဒေသဆိုင်ရာ အစိုးရများကို သတိပေးပြောကြားရာတွင် တောရိုင်း တိရစ္ဆာန်များကို ဥပဒေပြင်ပမှ ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးအတွက် နည်းလမ်းတကျ ထိန်းချုပ်မှုမလုပ်လျှင် အကျိုးသက်ရောက်မှု ဆိုးဝါးနိုင်သည်ဟု ပါရှိသည်။
"အာရှက ဆင်တွေဆောင်ရှောက်ရေးမှာ အနှုတ်သဘော အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်။ အာရှဆင်တွေမှာ အန္တရာယ် ကြုံတွေ့နေရပြီးသားဖြစ်တယ်" ဟု ခရစ်က ပြောသည်။
၂၀၀၆ ခုနှစ်တွင် ပြုလုပ်သော သုတေသနတခုအရ မြန်မာနိုင်ငံတွင် တောဆင်ကောင်ရေ ၄၀၀၀ မှ ၅၀၀၀ အထိ တွေ့ရှိနိုင်ပြီး အများစုမှာ ဗဟိုလွင်ပြင်ဒေသတွင် နေထိုင်ကျက်စားကြသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
မဇ္စျိမသတင်း
Saturday, December 13, 2008
မြန်မာပြည်မှာ ဆင်မှောင်ခိုတွေ ခေတ်စားနေ
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment