Thursday, December 11, 2008

မြန်မာဆင်များ မျိုးပြုန်းမည့်အန္တရာယ်ရင်ဆိုင်နေ

ကိုဝင်း၊ ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၁ရက်











ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အာရှတိုက်ရှိဆင် အကောင်ရေ (၂၅၀) ခန့်ကို မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမဝင်ရောင်းချခဲ့ကြောင်း၊ အများစုကို နိုင်ငံခြားသား တောင်တက်ခရီးသွားလုပ်ငန်းအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ဖြစ်ကြောင်း တောရိုင်း တိရစ္ဆာန်ရောင်းဝယ်မှုစောင့်ကြည့်ရေးအဖွဲ့ (TRAFFIC) ၏ ယမန်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အပြင် TRAFFIC အဖွဲ့က မြန်မာနိုင်ငံအတွင်း၌ ရန်ကုန်၊ မန္တလေး၊ ကျိုက်ထို၊ တောင်ကြီး၊ ပဲခူး၊ မင်းတုန်း၊ မြစ်ကြီးနား၊ မုန်းလား၊ ဘုရားသုံးဆူ၊ တာချီလိတ်အပါအဝင် စျေးကွက် (၁၄) ခုနှင့် ထိုင်းနှင့် တရုတ်နိုင်ငံအတွင်း နယ်စပ်စျေးကွက် (၃) ခုတို့ကို လေ့လာခဲ့ရာ ဆင်စွယ် အစိတ်အပိုင်းနှင့်ပြုလုပ်ထားသော ပစ္စည်း (၉,၀၀၀) ကျော်နှင့် ဆင်စွယ်အရိုင်း (၁၆) ချောင်းကို တွေ့ရှိရသောကြောင့် မြန်မာနိုင်ငံ၌ ဆင်စွယ်တရားမဝင် ရောင်းဝယ် ရေးလုပ်ငန်းသည်လည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။ ရောင်းချသူများက ပုံမှန်အားဖြင့် ဆင်စွယ်နှင့် ဆင်ခန္ဓာအစိတ်အပိုင်းကို ဝယ်လိုသူများ မြင်တွေ့နိုင်ရန် ပေါ်ပေါ်ထင်ထင်ပြသထားကြလေ့ရှိသည်။

သက်ရှိဆင်၊ ဆင်စွယ်နှင့် ဆင်ခန္ဓာအစိတ်အပိုင်းများကို မြန်မာနိုင်ငံမှ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တရားမဝင် ရောင်းချနေခြင်းသည် သက်ဆိုင်ရာ ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာတောရိုင်းတိရစ္ဆာန် ကာကွယ်ရေးသဘောတူညီမှု (CITES) ကို ချိုးဖောက်သည်မှာ ထင်ရှားကြောင်း TRAFFIC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

TRAFFIC အဖွဲ့ လုပ်ငန်းစဉ်ချမှတ်ရေး အကြီးတန်းအရာရှိ Chris Shepherd က ယခု အစီရင်ခံစာသည် မြန်မာနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများတွင် ဥပဒေစိုးမိုးရေး အရေးတကြီးလိုအပ်နေပြီး၊ နိုင်ငံတကာ သဘောတူညီချက်အပါအဝင် ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေများကိုလည်း လေးစားမှုမရှိသည်ကို ပြသနေကြောင်း ပြောသည်။

“ဆင်အမနှင့် အရွယ်မရောက်သေးတဲ့ ဆင်ပေါက်ကလေးတွေကို အဓိကထားပြီး ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားခရီးသွား လုပ်ငန်းတွေ တောင်တက်ခရီးစဉ်လုပ်ငန်းတွေမှာ အသုံးပြုဖို့ ဝယ်ချင်နေတာပါ၊ ပြီးတော့ ကျနော်တို့ သုတေသနလုပ်ငန်းတွေ လုပ်တဲ့အခါမှာ အဲဒီ ဆင်စွယ်နဲ့ ဆင်တွေကို တရား မဝင်ရောင်းဝယ်နေကြတဲ့နေရာမှာ အဂတိလိုက်စားမှုတွေ ပါဝင်ပတ်သက်နေတာကိုလည်း” ဟု Chris Shepherd ကပြောသည်။

မြန်မာနှင့် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များထံမှ နယ်စပ်ဖြတ်ကျော် ဆင်အရောင်းအဝယ်လုပ်ငန်းနှင့် ပတ်သက်၍ CITES (နိုင်ငံတကာတောရိုင်းတိရစ္ဆာန်ကာကွယ်ရေးသဘောတူညီမှု) ကို သေချာစေရေးဆောင်ရွက်နေသူများသို့ အစီရင်ခံ တင်ပြခြင်းများမရှိသော်လည်း မြန်မာနိုင်ငံ အချို့ဒေသများမှ ဆင်များပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ကုန်သည်များကို မေးမြန်းစစ်ဆေးမှုများရှိခဲ့သည်။

“ဆင်တွေပျောက်ဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာရယ်၊ ဆင်စွယ်နဲ့ ဆင်ခန္ဓာအစိတ်အပိုင်းတွေကို စျေးကွက်ထဲမှာ နှစ်ပေါင်းများစွာ ရောင်းချလာတာကို ကြည့်ခြင်းအားဖြင့် ဒီတရားမဝင်ရောင်းဝယ်မှုဟာ မြန်မာနိုင်ငံက အာရှဆင်တွေအတွက် အန္တရာယ်ကျရောက်နေပြီဆိုတာ သိသာထင်ရှားနေပါတယ်” ဟု အစီရင်ခံစာကို ပူးတွဲရေးသားသူ Vincent Nijman ကပြောသည်။ အရှေ့တောင်အာရှနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် ဆင်ကောင်ရေအများဆုံးပိုင်ဆိုင်ထားပြီး ပျမ်းမျှကောင်ရေ (၄) ထောင်နှင့် (၅) ထောင်အကြားရှိသည်ဟု အဆိုပါ အစီရင်ခံစာကဖော်ပြသည်။

ယခုအစီရင်ခံစာထွက်ပေါ်လာပြီးနောက် ဆင်နှင့် ဆင်စွယ်တရားမဝင်ရောင်းဝယ်မှုလုပ်ငန်းများကို နှိမ်နင်းနိုင်ရန် မြန်မာအာဏာပိုင်များအနေဖြင့် အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံမှ ဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်ရှိသူများနှင့် နီးကပ်စွာ အတူတကွ လုပ်ဆောင်ရန် တိရစ္ဆာန်ရောင်းဝယ်မှုစောင့်ကြည့်ရေးအဖွဲ့ (TRAFFIC) နှင့် အခြားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ကြီးဖြစ်သည့် (WWF) တို့က တောင်းဆိုလိုက်သည်။

အာရှဆင်ဆိုင်ရာကျွမ်းကျင်သူများအုပ်စု (IUCN) ၏ တွဲဖက်ဥက္ကဌ Ajay Desai ကလည်း “မြန်မာနိုင်ငံဟာ အာရှ ဆင်အများ ဆုံးရှိပြီး အရေးကြီးတဲ့အနေအထားမှာ ရှိနေပါပြီ။ အဲဒီဆင်တွေကို အခုလို တရားမဝင်ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့အတွက် အဲဒီမှာ ရှိတဲ့ဆင်တွေ မျိုးပြုန်းတော့မယ့် အန္တရာယ်ကျရောက်လာနိုင်ပါတယ်။ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ကလည်း ဆင်တွေရဲ့ လုပ်အားကို အသုံးချနေတဲ့ မှုဝါဒတွေကို အရေးတကြီး ပြန်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေ ရောင်းဝယ်နေတာကိုလည်း ဥပဒေပြဌာန်းပြီး ရပ်သွားအောင် လုပ်ဖို့လိုနေပါတယ်” ဟုပြောသည်။

မြန်မာနှင့် ထိုင်းအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒေသအတွင်း တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းဝယ်မှုကို ကာကွယ် တားဆီးရန် ရည်ရွယ်၍ ASEAN Wildlife Enforcement Network (ASEAN-WEN) ကို ၂၀၀၅ ခုတွင် တည်ထောင်ခဲ့ကြသည်။


ခေတ်ပြိုင် သတင်းဂျာနယ်

No comments: