ကြည်ဝေ Irrawaddy 18 June, 2007
သူအိမ်ပြန်ရောက်တော့ သူ့ဇနီးကိုတွေ့တွေ့ချင်း တခုခုတော့မှားနေပြီလို့ သူသိလိုက်ပါတယ်။ သူ့ဇနီးရဲ့ မျက်နှာအမူအရာက ပုံမှန်မဟုတ်ဘူး။ သူ့ကို စိတ်ဆိုးစိတ်ကောက်နေတဲ့ မျက်နှာပုံစံမျိုး လည်းမဟုတ်ဘူး။ တစုံတရာကို နှမြောတသ နေသူ တယောက်ရဲ့ ယူကျုံးမရတဲ့မျက်နှာမျိုး ဖြစ်နေတယ်။ အိမ်မှာ ပြဿနာကြီးကြီး တခုတော့ ရှိနေပြီလို့ သူရိပ်မိလိုက်ပါတယ်။
ဆန်ကုန်သွားလို့လား။ ဆန်ကုန်သွားရုံနဲ့တော့ သူ့မျက်နှာ ခုလောက်ကြီး ပျက်ယွင်းနေမှာ မဟုတ်ဘူး။ ဆန်ကုန်တိုင်း လမ်းထိပ်က ကုန်ခြောက်ဆိုင်မှာ အကြွေးယူပြီး စားနေကြပဲ။ ဒါကသူတို့အိမ်အတွက် ပြဿနာမှမဟုတ်တာ။ ဘာလို့လည်း ဆိုတာ သူ အပြေးအလွှားစဉ်စားနေတုန်း သမီးကြီးက အိမ်ခန်းထဲက ထွက်လာတယ်။ အဖေဖြစ်သူကိုလည်း မြင်ရော ဟီးခနဲ ငိုချလိုက်တယ်။ အဲဒီအခါမှ သူသတိထားမိတာက သမီးကြီးရဲ့ ဆံပင်တွေ။
ကျောလယ်ထိရောက်အောင် ရှည်လျားနေပြီဖြစ်တဲ့ ဆံပင်တွေနဲ့ သမီးကြီးကို ဒီမနက်ထိ သူမြင်တွေ့နေခဲ့သေးတာပဲ။ ခုတော့ ပခုံးပေါ်မထိတထိ တညီတည်းကျနေတဲ့ ဆံပင်တွေနဲ့ မျက်ခွံတွေ မို့အစ်နေအောင် ငိုထားတဲ့သမီးကို တွေ့လိုက်ရတယ်။
"ဒီအပတ်ထဲမှာ အငယ်နှစ်ယောက်ကို ကျောင်းအပ်ရမယ်လေ။ လက်ထဲမှာလည်း တပြားမှမရှိဘူး။ ဘယ်ကမှလည်း ချေးလို့မရတာနဲ့ မထူးဘူးဆိုပြီး သမီးရဲ့ဆံပင်ကိုဖြတ်ပြီး ရောင်းလိုက်တယ်။ မတတ်နိုင်ဘူးလေ။ ကျမလည်း ကြံရာမရလို့ လုပ်လိုက်တာပဲ။ အဲဒါကို သူကတနေကုန် ငိုနေတော့တာ"လို့ ဇနီးသည်က စိတ်ပျက် လက်ပျက် မျက်နှာမျိုးနဲ့ ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ငါးလလောက်တုန်းကလည်း သူတို့ငွေလိုလို့ ဇနီးသည်က ဆံပင်ဖြတ်ပြီး ရောင်းခဲ့သေးတယ်။ သိပ်မရဘူး ဆိုပေမယ့် ခြောက်ထောင်ကျော်လောက်တော့ ရလိုက်တယ်။ ဇနီးသည်ရဲ့ဆံပင်က ခြောက်ပြီး အရောင်မလှတဲ့အတွက် စျေးသိပ်မရခဲ့ဘူး။ သမီးဆံပင်ကတော့ နက်မှောင်ပြီး ရှည်လျားတဲ့အတွက် စျေးကောင်းရမှာပဲ။ အငယ်နှစ်ယောက်အတွက် ကျောင်းစရိတ် အဆင်ပြေသွားမှာပဲလို့ တွေးမိပြီးမှ သမီးကြီး အတွက် စိတ်မကောင်းဖြစ်ရတယ်။
သမီးခမျာ အသက် ၁၀ နှစ်အရွယ်ကတည်းက ဆံပင်ရှည်ထားခဲ့တာ။ သူ့ဆံပင်လေးကို သူ အမြတ်တနိုး မွေးမြူခဲ့ရှာတာ။ ခုလို အသက် ၁၆ နှစ်အရွယ်ရောက်လို့ လှချင်ပချင်တဲ့ အခါကျမှ ဆံပင်ဖြတ်ရောင်းလိုက် ရတဲ့အတွက် စိတ်ထိခိုက်သွားမှာပဲ။ သမီးရဲ့ ဝမ်းနည်းနာကျင်မှုကို သူဘယ်လို နှစ်သိမ့်အားပေးရမလဲ။ "သမီးအတွက် စိတ်မကောင်းဘူး"လို့ အသက် ၄၆ နှစ် အရွယ် ဘုရင့်နောင်ပွဲရုံမှ ကုန်တင်ကုန်ချ အလုပ်သမားတဦးဖြစ်တဲ့ ဦးမောင်ပြုံးက သူ့ခံစားချက်ကို ပြောပြပါတယ်။
တကယ်တော့ ဆံပင်ရောင်းတယ် ဝယ်တယ်ဆိုတာ ဒီနေ့ခေတ်အတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။ ဦးမောင်ပြုံးတို့လို အလုပ်ကြမ်းသမားတွေ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အနေများကြတဲ့ လှိုင်သာယာမှာလည်း ဆံပင်ဝယ်တဲ့ ဆိုင်တွေက တလမ်းမှာ တဆိုင်နှုန်းနဲ့ ရှိနေပါပြီ။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အတော်များများမှာပါ တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ၃၅ လမ်း၊ ၃၆ လမ်းလို နေရာမျိုးတွေမှာတောင် ဆံပင်ဝယ်သည်ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေနဲ့ ဆံပင်အရောင်း အဝယ် လုပ်နေသူတွေ ရှိလာခဲ့ပါပြီ။
ဆံပင်သားကောင်းပြီး အလေးချိန်စီးတဲ့ ဆံပင်၊ နက်မှောင်တောက်ပြောင်ပြီး အရောင်လှတဲ့ ဆံပင်ဆိုရင် တစ်ဆယ်သားကို ကျပ် လေးသောင်းထိ စျေးရတတ်တယ်။ ဆံပင်သားလည်း ညီမယ်၊ ရှည်လည်းရှည်မယ်၊ အရောင်လည်း လှတယ်၊ ဆံလုံး လည်း ကြီးမယ်ဆိုရင်တော့ ပထမတန်းစား ဆံပင်အဖြစ် သတ်မှတ်ပြီး တစ်ဆယ်သား ခြောက်သောင်းထိ စျေးပေးလေ့ ရှိတယ်လို့ ဆံပင်ဝယ်သူတွေက ဆိုပါတယ်။ အဲဒီဆိုင်တွေက ဆံပင်ဖြတ်ရောင်းမယ့်သူဆီကနေ တိုက်ရိုက်ဝယ်သလို ဆံပင် လိုက်ဝယ်တဲ့ သူတွေဆီကလည်း ဝယ်တယ်။ ဆံပင်ညှပ်ဆိုင်တွေ ဆီကလည်းပုံမှန် လာသွင်းကြတယ်လို့ သိရပါတယ်။
ကလေးကျောင်းစရိတ်လိုလို့ စားစရိတ်လိုလို့ ဆေးဖိုးလိုလို့၊ အကြွေးပေးစရာရှိလို့၊ မီးဖွားစရိတ်လိုလို့ စတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အမျိုးသမီးတွေဟာ သူတို့ခေါင်းပေါ်က ဆံပင်တွေကိုဖြတ်ရောင်းပြီး ဖြေရှင်းလာကြတာကိုလည်း ဒီနေ့ခေတ်မှာ မြင်တွေ့လာရပါတယ်။
"အများစုကတော့ သိတဲ့အတိုင်း စားဖို့ခက်ခဲလာတော့ ကိုယ့်မှာရှိတဲ့ ဆံပင်လည်း ရောင်းလို့ရတယ်ဆိုပြီး ရောင်းကြတာပဲ။ တချို့ဆိုရင် ဆံပင်က ဘယ်လောက်မှတောင် ရှည်သေးတာ မဟုတ်ဘဲနဲ့ ရှိတဲ့ဆံပင်လေးကိုပဲ ရသလောက်နဲ့ ဖြတ်ရောင်း လာကြတယ်၊တကျပ်သားလောက်ရှိရင်ပဲ ရောင်းဖို့ ပြင်နေကြပြီ" လို့ သင်္ကန်းကျွန်းမြို့နယ်တွင်းမှ ဆံပင်လိုက်ဝယ်သူ ကိုမြင့်က ဆိုပါတယ်။
သူတို့လို ဆံပင်လိုက်ဝယ်ပြီး ဒိုင်တွေမှာ ပြန်သွင်းတဲ့ သူတွေကတော့ ဆံပင် တစ်ဆယ်သားကို ကျပ် နှစ်ထောင်လောက် စားရတယ်လို့ သိရပါတယ်။
ဆံပင်ဟာ စျေးကွက်ဝင်လာတဲ့အတွက် ဘတ်စ်ကားပေါ်မှာ၊ လူကြပ်တဲ့ စျေးတွေထဲမှာ အမျိုးသမီးတွေရဲ့ ဆံပင်တွေကို ခိုးယူ ဖြတ်တောက်မှုတွေရှိလာတယ်လို့ ပြည်တွင်းမှာ ထုတ်ဝေတဲ့ဂျာနယ်တွေက ရေးသားဖော်ပြ ကြ ပါတယ်။
လှိုင်သာယာမှာ နေထိုင်တဲ့ မအေးအေးမော်ကလည်း လှိုင်သာယာမီးခွက်စျေးထဲမှာ စျေးဝယ်နေရင်း နောက်ကနေ စုချည်ထားတဲ့ ဆံပင်ကို ဖြတ်ယူခြင်း ခံခဲ့ရတယ်လို့ ပြောပြပါတယ်။
"ရှေ့ကို ကုန်းပြီး ကြက်သွန်နီထိုင်ရွေးနေတုန်းဖြတ်သွားတာ၊ ကျမလည်းကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ ချက်ချင်း မသိလိုက် ဘူး၊ အဲဒီကြက်သွန်ဝယ်ပြီးလို့ ငွေရှင်းတဲ့အချိန်မှ ခေါင်းက တမျိုးကြီးဖြစ်ပြီး ပေါ့နေတယ်ပေါ့၊အဲဒါနဲ့ စိတ်ထင့်ပြီး နောက်က ဆံပင်ကို ရှေ့ဘက်သိမ်းလိုက်မှ ဆံပင်အဖြတ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရတယ်" လို့ တင်ပါးဖုံးလုနီးပါး ရှည်လျားတဲ့ သူမရဲ့ ဆံပင်ခိုးယူဖြတ်တောက်ခံရတဲ့ အကြောင်းကို ပြောပြပါတယ်။
ကိုယ့်ခေါင်းပေါ်က မဟုတ်တဲ့ ဆံပင်ကိုတောင် စွန်စားပြီး ခိုးရလောက်အောင် ဘယ်လိုအကြောင်းတရားမျိုးက သူတို့ကို တွန်းအား ပေးနေသလဲ ၊ မြန်မာ အမျိုးသမီးတွေရဲ့ ယဉ်ကျေးမှု သမိုင်းမှာ ဆံပင်ဟာ မိန်းမတို့ရဲ့ဘုန်း တန်ခိုးတောင်ဖြစ်ခဲ့ ဖူးတာပဲ (မိန်းမတို့ဘုန်း ဆံထုံး ဆိုတာ ရှိတယ်မဟုတ်လား)၊ ဘယ်လိုကြောင့်များ မိန်းမတွေက ကိုယ်အမြတ်တနိုးထား ကြတဲ့ ကိုယ့်ခေါင်းက ဆံပင်ကိုတောင် ဖြတ်ပြီး ရောင်းစားနေကြရတာလဲ။
ဆံပင်ရောင်းစားသူ အများစုဟာ အသက် ၃၀၊ ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးတွေဖြစ်ကြပြီး ရောင်းလို့ ရတဲ့ ငွေနဲ့ ဘုရားလှူချင်လို့၊ အလှူအတန်းလုပ်ချင်လို့ ရောင်းတဲ့သူတွေလည်းရှိနေတာ တွေ့မြင်ရပါတယ်။
အများစုကတော့ အကျပ်အတည်းတွေကြောင့် ကိုယ့်ခေါင်းပေါ်က ဆံပင်ကို ဖြတ်ရောင်းကြပေမယ့် သူတို့ ထင်ထား သလောက်၊ မျှော်မှန်းထားသလောက် ပိုက်ဆံ မရကြတာလည်း ရှိတဲ့အတွက် စျေးနှုန်းနဲ့ အလေးချိန်ပေါ်မှာ ခေါင်းပုံဖြတ် ခံကြရတယ်လို့ ထင်မြင်ယူဆသူတွေလည်း ရှိတာတွေ့မြင်ရပါတယ် ။
အသက် ၂၈ နှစ်အရွယ်၊ရွှေပြည်သာမှ မခင်သူဇာကတော့ ဖခင်ဖြစ်သူအတွက် ဆေးဖိုးလိုအပ်နေလို့ အင်းစိန်စျေး အနီးမှာ ရှိတဲ့ ဆံပင်အဝယ်ဆိုင်မှာ သူမရဲ့ ပေါင်လည်ထိရောက်တဲ့ ဆံပင်ရှည်ကြီးကို ဖြတ်ရောင်းခဲ့ပါတယ်။ ဒါပေမယ့် သူမမျှော်မှန်း ထားသလောက်မရဘဲ ကျပ် သုံးသောင်းကျော်ပဲ ရတဲ့အတွက် အဝယ်ဆိုင်ရဲ့ အလေးချိန် ပေါ်မှာ သံသယဖြစ်မိကြောင်း ပြောပြပါတယ်။
“ကျမ ထင်ထားတာက ရောင်းလိုက်ရင် အနည်းဆုံး ခြောက်သောင်းကျော် ခုနှစ်သောင်းလောက်ထိ ရလိမ့်မယ် လို့ မှန်းထားတာ ထင်သလောက်မရတော့ ဝမ်းနည်းပြီးငိုချင်လာတယ်၊ ဒါပေမယ့် အဖေ့အတွက်ပဲလေဆိုပြီး ကိုယ့်စိတ်ကိုယ် မနည်းအားတင်းထားခဲ့ရတယ်” လို့ မခင်သူဇာ ကပြန်ပြောပြခဲ့ပါတယ်။
ဆံပင်သား ဝယ်သူတွေနဲ့ အဝယ်ဆိုင်တွေက စျေးနှုန်းနဲ့ အလေးချိန်မှာ မမှန်မကန်ပြုလုပ်သူတွေရှိသလို မှန်မှန်ကန်ကန် စျေးပေးပြီး အလေးချိန်မခိုးဘဲ ရောင်းဝယ်သူတွေလည်း ရှိတယ်လို့ ဆံပင်ဝယ်သူ တဦးက ပြောပါတယ်။
“သာမန်အားဖြင့် ဆံပင်က ပေါ့ပါးတယ်၊ ဆံပင်တဆယ်သားရဖို့မပြောပါနဲ့ ငါးကျပ်သားရဖို့ဆိုတာလည်းမလွယ်ပါဘူး။၊ တချို့ ဆံပင်လာရောင်းတဲ့သူတွေကလည်း မရောင်းခင် ဆံပင်ကို အလေးချိန်စီးအောင် ဆိုပြီး အုန်းဆီ တွေ၊ ခေါင်းလိမ်း ဆီတွေ လိမ်းလာတာတွေလည်း ရှိတယ်”လို့ ဆံပင်ဝယ်သူက အတွေ့အကြုံကို ပြောပြပါတယ်။
“ဝယ်တဲ့ ဒိုင်တွေကတော့ တရုတ်ပြည်နဲ့ ထိုင်ဝမ်ကို အဓိကထားပြီး တင်ပို့နေသလို ထိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံကိုလည်း တင်ပို့နေ ကြတဲ့အတွက် အရင် ၂ နှစ် ၃ နှစ်ထက်စာရင် နှစ်ဆနီးပါးလောက်ပိုပြီး ဝယ်လိုအားကောင်းလာတယ်” လို့လည်း သာကေတမြို့နယ်ရှိ အဝယ်ဒိုင်တခုက ပြောပါတယ်။
မြန်မာနိုင်ငံမှ ဆံပင်တွေကို ၂၀၀၃ ခုနှစ်မတိုင်မီကတည်းက တရုတ်ပြည်ကို တင်ပို့နေကြပေမယ့် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ပိုပြီးကျယ်ပြန့် လာတာကိုတွေ့မြင်ရပါတယ်။ ဆံပင်တွေကိုအိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ တရုတ် ထိုင်းနဲ့ အိန္ဒိယနယ်စပ် ဒေသတွေက ဆံပင်တုလုပ်ဖို့ ဝယ်ကြသလို ခုခေတ်စားနေတဲ့ ဆံပင်ရှည်ချင်တဲ့သူတွေ အတွက် ဆံပင်သားဆက်ဖို့ အတွက်လည်း ဝယ်လာကြတယ်လို့ သိရပါတယ်။
“ဆံပင်ကို ဝယ်ပြီးရင် သန့်အောင်လုပ်ပြီး ပို့ပေးရတယ်။ သူတို့ဆီရောက်မှ ဆံပင်ကို သေချာပြန်သန့်တယ်။ ပြုပြင်သင့်တာ ပြုပြင်တယ်၊ ပိုးသတ်တယ်၊ ပေါင်းတင်တယ်။ ပြီးတော့ ဆံပင်ကို ပါကင်အိတ်နဲ့ အလုံထုတ်ပိုး ပေးပြီး စျေးကွက်ထဲကို ပြန်ဖြန့်တာ၊ ဆံပင်တုလည်းလုပ်တယ်။ ဆံပင်ဆက်ချင်တဲ့သူတွေအတွက် လိုအပ်တဲ့ အရှည်အလိုက် သူ့ဟာနဲ့သူ ပါကင် ထုတ်ပြီး ပြန်ရောင်းတာ” လို့ ဆံပင်အဝယ်ဒိုင်က ပြောပြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဆံပင်သားကို ကိုယ့်ပင်ကို ဆံပင်သားနဲ့ ထပ်ဆက်ပြီး လိုချင်တဲ့ ဆံပင်ရှည် အတိုင်း ရအောင် ပြုလုပ်ဖန်တီးမှုတွေ ခေတ်စားလာတာဟာလည်း ဆံပင်ရောင်း၀ယ်ရေးလုပ်ငန်းကျယ်ပြန့်လာစေတဲ့ အကြောင်းရင်း တရပ်ပဲ ဖြစ်တယ်လို့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အတွင်းမှာ ရှိတဲ့ အလှပြုပြင် ရေးဝန်ဆောင်မှု လုပ်ငန်းတခုမှ သင်တန်းနည်းပြ ဆရာမတဦးကဆိုပါတယ်။
“မြန်မာနိုင်ငံမှာတော့ ခုမှ စလုပ်လာကြတာပါ၊ ပိုက်ဆံရှိတဲ့ အမျိုးသမီးတွေက ဆံပင်တိုနေရာကနေ ရှည်ချင်လာတဲ့အခါ ဆံပင်ကို အချိန်ယူပြီး မမွေးတော့ဘူး၊ ကိုယ့်ဆံပင်နဲ့ ကိုက်တဲ့ ဆံပင်သားကို ဝယ်ပြီး ကိုယ့်နဂို ဆံပင်နဲ့ကပ်ပြီး ဆက်လိုက် ကြတယ်၊ နာရီပိုင်းအတွင်း ဆံပင်ရှည် ဖြစ်သွားတာပေါ့” လို့ သင်တန်းနည်းပြဆရာမက ပြောပြပါတယ်။
ဆံပင်သားဆက်တဲ့ ဆံပင်အိတ်တွေကို ပြည်တွင်းက အလှပြင်ဝန်ဆောင်မှု လုပ်ငန်းအတော်များများမှာ တွေ့မြင်ရပါတယ်။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ပစ္စည်းတွေအဝင်များတယ်လို့ သိရပြီး ပြည်တွင်းဖြစ်လည်းရှိတယ်လို့ သိရပါတယ်။ စျေးနှုန်း တွေကလည်း ဆံပင်သားအတိုအရှည်၊ ဆံပင်သားကောင်းမွန်မှု၊ ပိုးသတ်သန့်စင်ထားမှု၊ ဆံပင်သားအရောင် တောက်ပမှု စတာတွေပေါ်မှာ မူတည်ပြီး အနည်းဆုံးကျပ် ငါးသောင်းကနေ တစ်သိန်း၊ နှစ်သိန်းတန်ကနေ ခြောက်သိန်းကျော်တန်ထိ ရှိတာတွေ့မြင်ရပါတယ်။
“တရုတ်တွေက ကျမတို့ဆီက ဆံပင်တွေကို စျေးပေါပေါနဲ့ ဝယ်တယ်။ ပြီးရင် သူတို့ဆီမှာ ပါကင်ပိတ်ပြီး ကျမတို့ ဆီကို စျေးကြီးကြီးနဲ့ ပြန်သွင်းလာကြတယ်၊ ဒါ တရုတ်ပြည်ရဲ့ စီးပွားရေးပဲ” လို့ သင်တန်းနည်းပြ ဆရာမကဝေဖန် သုံးသပ်ပြပါတယ်။
ဧရာဝတီ သတင်းဆောင်းပါးမှ
Monday, November 17, 2008
မြန်မာ့ ဆံပင်ရှည်များ စျေးကွက်ဝင်
Labels:
Articles
Subscribe to:
Post Comments (Atom)
No comments:
Post a Comment