Thursday, November 13, 2008

အနုပညာကို ကောင်းကင်မှာ ချိတ်ဆွဲပြချင်တယ်

အောင်နီ| နိုဝင်ဘာ ၁၃၊ ၂၀၀၈ ကြည်လင်သော ကောင်းကင်နောက်ခံတွင် အစိမ်းရောင်၊ အပြာရောင် မီးမှုန်မီးမွှားကလေးများက အထက်ကို ထိုးတက်နေသော မီးပုံပျံကြီး၏ အောက်ခြေမှာ မိုးစက်ကလေး များလို တဖွဲဖွဲကျဆင်းနေသည်။ လေထုထဲ တွင်တော့ ရှမ်းနှင့် ဓနုရိုးရာ အိုးစည်သံနှင့် သံချပ်ထိုးသံတို့က စည်းချက်ညီညီ လွင့်ပျံ့နေ၏။ ယခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံ ပြိုင်ပွဲမှ ပြိုင်ပွဲဝင် မီးပုံးပျံများ။ (ဓာတ်ပုံ - ဧရာဝတီ) တနှစ်တခါ ကျင်းပမြဲဖြစ်သော တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များဖြင့် စည်ကားသိုက်မြိုက်ရာ ပွဲဖြစ်သောကြောင့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များက စီးပွားရှာရန်တာစူနေပြီ။ နေရာအနှံ့တွင် ဒစ်စကိုတေးသံများဖြင့် ပွက်လောရိုက်နေသော်လည်း လူတိုင်း၏အာရုံကို အဖမ်းစားနိုင်ဆုံးက အတိုင်းမသိ လှပသော ဧရာမ မီးပုံးပျံကြီးများသာဖြစ်သည်။ “မီးပုံးပျံပိုးက တော်တော်ကြောက်ဖို့ကောင်းတယ်ဗျ။ ကျနော်ဆို ဒီအချိန်ရောက်လာရင် ကျနော့်ကောင်မလေး အပါအဝင် အားလုံးကို မေ့သွားတာ။ ကျနော့် အလုပ်ရှင်ကလည်း ဒီအချိန်ဆို ကျနော်တို့ကို မီးပုံးပျံ လုပ်ဖို့ဆိုပြီး ခွင့်သတ်သတ်ကိုပေးတာ။ မီးပုံးပျံကြီး တခုလုပ်ဖို့က အချိန်တလလောက် ယူရတာလေ” ဟု တောင်ကြီးဒေသခံ လူငယ်တဦးဖြစ်သော ကိုခွန်ထီးက ပြောသည်။ နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့သော နိုဝင်ဘာလကို ရောက်ပြီဆိုလျှင် တောင်ကြီးဒေသခံ လူငယ်များက ရှမ်းအိုးစည်များတီးကာ မီးပုံးပျံပွဲအတွက် အိမ်တိုင်းတွင် အလှူလိုက်ခံကြသည်။ အထက် ဗမာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးခါစ ၁၈၉၄ ခုနှစ်က ကျင်းပခဲ့သော တောင်ကြီး တန်ဆောင်တိုင်၏ ပထမဆုံး မီးပုံးပျံပြိုင်ပွဲကို အင်္ဂလိပ်အရာရှိကြီးများက ချီးကျူးဂုဏ်ပြုခဲ့သည်ဟု မှတ်သားဖူးသည်။ ယနေ့ခေတ်အချိန်တွင်တော့ မီးပုံးပျံဆိုသည်မှာ တန်ဆောင်တိုင်ပွဲတော်၏ ထင်ရှားသော အမှတ်အသားတခု ဖြစ်နေချေပြီ။ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလအတွင်း တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီတွင် တောင်ကြီး၌ မီးပုံးပျံပြိုင်ပွဲကို ကျင်းပနေကျဖြစ်သည်။ ပုံမှန်အားဖြင့်တော့ တောင်ကြီးတွင်သာ ပြုလုပ်မြဲ။ သို့သော် ယမန်နှစ်ကစ၍ နေပြည်တော်နှင့် ပြင်ဦးလွင်တွင်ပါ ပြိုင်ပွဲကျင်းပသည်ဟု ကြားသိရသည်။ ယခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံ ပြိုင်ပွဲမှ ပြိုင်ပွဲဝင် မီးပုံးပျံများ။ (ဓာတ်ပုံ - ဧရာဝတီ) “မီးပုံးပျံတခုလုပ်ဖို့ တလလုံးအချိန်ပေးရပေမယ့် မိုးပေါ်တက်သွားဖို့က ၁၅ မိနစ်နဲ့ မိနစ် ၂၀ လောက်ပဲ ကြာတာလေ။ ကျနော်တို့က ကျနော်တို့ရဲ့ အနုပညာကို ကောင်းကင်ပေါ်မှာ ချိတ်ဆွဲပြချင်လို့ ဖန်တီးကြ တာပါ” ဟု မီးပုံးပျံပြိုင်ပွဲဝင်မည့် ကိုနေမျိုးက ပြောပြသည်။ ပျမ်းမျှအားဖြင့် မီးပုံးပျံတခုအတွက် ကုန်ကျစားရိတ်မှာ ကျပ် ၁၆ သိန်းခန့်ရှိသည်။ ယမ်းမှုန့်အစရှိသော ထည့်သွင်း အသုံးပြုရသည့် ပစ္စည်းအမယ်များကို ထိရောက်စေရန် အကောင်းဆုံးများ ရွေးချယ်သုံးရသော ကြောင့်ဖြစ်၏။ မီးပုံးပျံပြိုင်ပွဲကို လပြည့်နေ့မတိုင်ခင် ၈ ရက်ကတည်းက စတင်ကျင်းပခဲ့ရာ လပြည့် နေ့တွင်တော့ အဆုံးသတ်ပွဲနှင့် အစည်ကားဆုံးဖြစ်သည်။ မီးပုံးပျံအများစုကို ပိုးစာပင်မှရရှိသည့် မှိုင်းခံစက္ကူဖြင့်ပြုလုပ်ပြီး အဆင့်မီ မီးပုံးပျံတခုအတွက် မှိုင်းခံစက္ကူ အချပ်ရေပေါင်း ၁၂၀၀ လိုအပ်သည်။ “အားလုံး လက်နဲ့ချည်းလုပ်တာဆိုတော့ ဝိုင်းလုပ်မယ့် လူတွေ အများကြီးလိုပါတယ်။ စိတ်ရှည်ပြီး အဖွဲ့အစည်းနဲ့ အလုပ်လုပ်တတ်တဲ့ သူတွေ ဖြစ်ရမယ်။ ဒီမီးပုံးပျံကြီးတခုလုံး ကောင်းဖို့ဆိုတာကို မူတည်ပြီး အားလုံးအပေးအယူမျှမျှနဲ့ လုပ်ကြရပါတယ်” ဟု ကိုနေမျိုးက ရှင်းပြသည်။ မီးပုံးပျံအတွက် မီးစာကို သံနန်းမျှင်ရောသည့် စောင်စုတ်များဖြင့် ကျစ်ထားသည်။ ထိုမီးစာက ဆီဝနေအောင် စိမ်ထားပြီး ဖြစ်ရမည်။ မီးစာ၏ အရှည်က မီးပုံးပျံတခုလုံး၏ သုံးပုံတပုံခန့်ရှိရမည် ထို့ကြောင့် အလေးချိန်ကပင် ၁၅ ပိဿာခန့်ရှိသည်။ အစိမ်းရောင် မီးပန်းမီးမွှားများရရှိဖို့ကတော့ ရိုးရာပုံစံအတိုင်း ဇင့်၊ ပိုတက်စီယမ်နှင့် ဆာလ်ဖာတို့ကို ရောနှော ထည့်သွင်းရသည်။ ယခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံ ပြိုင်ပွဲမှ ပြိုင်ပွဲ၀င် မီးပုံးပျံများ။ (ဓာတ်ပုံ - ဧရာဝတီ) “ကျနော်တို့မှာ ဒီလို မီးပန်းရောင်စုံရဖို့ ရိုးရာနည်းတွေ အများကြီးရှိပါတယ်။ ဒါတွေကို ကျနော်တို့ အဖွဲ့သားတွေက လျှို့ဝှက်ထားပြီး မျိုးဆက် တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းသွားမှာပါ” ဟု ကိုနေမျိုးက ဆက်ပြောသည်။ မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံအမျိုးအစား ၃ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မီးပုံးပျံတခုလုံး မီးရှူးမီးပန်း များဖြင့် အလှဆင်ထားသည့် ညမီးကျည် အမျိုးအစား၊ မီးအိမ်ကြီးနှင့် အလားသ႑ာန်တူသော စိန်နားပန် အမျိုး အစား နှင့် နေ့ခင်းဘက်များတွင် ယှဉျပြိုင်ပြီး ငှက်ရုပ်၊ တခြား တိရစ္ဆာန်ရုပ်ပုံ ဖော်ထားသည့် အရုပ် အမျိုးအစား တို့ဖြစ်သည်။ အရုပ် အမျိုးအစား မီးပုံးပျံတခုအတွက် ကျပ် ၁ သိန်းမှ ၅ သိန်းကြား ကုန်ကျပြီး စိန်နားပန် အမျိုးအစား အတွက်ဆိုလျှင် ကျပ် ၁၀ သိန်းအထိ ကုန်ကျနိုင်သည်။ ယခုအခါတွင်တော့ ကုမ္ပဏီအသီးသီးက ပြိုင်ပွဲဝင် အဖွဲ့များအတွက် အကုန်အကျခံပေးကာ ၎င်းတို့၏ ကုမ်ပဏီ အမှတ်တံဆိပ်များကို မီးပုံးပျံကြီးများတွင် ထည့်သွင်း ရေးဆွဲလာကြသည်။ တောင်ကြီး မီးပုံးပျံတခု၏ ပျမ်းမျှအချင်းနှင့် အမြင့်မှာ ပေ ၂၀ မှ ၂၄ ပေ အထိရှိသည်။ “ကျနော်တို့ဆို ပြိုင်ပွဲဝင်လာတာ ၁၀ နှစ်နီးပါးရှိနေပြီ။ ခုချိန်ထိ စပွန်စာနဲ့ မလုပ်သေးဘူး။ ဒီနှစ်ဆို စီးပွားရေးက ကျတော့ လုပ်ရတာ ပိုခက်ခဲပါတယ်” ဟု ပြိုင်ပွဲဝင်အဖွဲ့သား တဦးဖြစ်သည့် ဦးအောင်ဖြူက ပြောသည်။ ယခုနှှစ် တန်ဆောင်တိုင်ပွဲတော်အတွက် ပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၅၁ ဖွဲ့က စိန်နားပန် ၃၁ ခုနှင့် အရုပ် အခု ၂၀၀ ကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။ ဆုကြေးများမှာ ညမီးကျည်အတွက် ပထမဆုကို ကျပ် သိန်း ၃၀၊ စိန်နားပန် ပထမဆုအတွက် ကျပ် ၁၂၀၀၀၀ နှင့် အရုပ်အတွက် ဆုကြေးမှာ ကျပ် ၁၃၀၀၀၀ ဖြစ်ပြီး ပထမဆုရှင်အားလုံး ဆုဖလား ရရှိမည်ဖြစ်သည်။ ဦးအောင်ဖြူက ၎င်းတို့ ပြိုင်ပွဲဝင်ကြခြင်းမှာ ငွေကြေးအတွက် မဟုတ်ဟုဆိုသည်။ “ကျနော်တို့အားလုံး ဂုဏ်သိက္ခာအတွက် ပြိုင်ကြတာ။ ဒါ ကျနော်တို့ အိပ်မက်ပဲ” ဟု သူက ဆိုသည်။ ပြိုင်ပွဲတွင် ဒိုင်လူကြီး ၂၅ ဦးခန့်က မီးပုံးပျံတခုစီ၏ အနုပညာ လက်ရာမြောက်မှု နှင့် အသေးစိတ် လက်မှု ပညာကို ကြည့်ရှုစစ်ဆေးသည်။ ညမီးကျီ အမျိုးအစားမီးပုံးပျံမှာ အမြင့်ပေ ၅၀၀ ထိ မြင့်တက် ပျံသန်းနိုင်ပြီး မီးရှူးမီးပန်းများ မလောင်ကျွမ်းခင်တွင်ပင် ပေါက်ကွဲသံများဖြင့် တဟုန်ထိုး အထက်သို့ ထိုးတက်သွားလေ့ ရှိသည်။ “တချို့က ကျနော်တို့ကို ပိုက်ဆံမီးရှို့တဲ့အလုပ်လုပ်နေတာလို့ ဝေဖန်တယ်။ တကယ်က သူတို့ ကျနော်တို့ရဲ့ ခံစားချက်နဲ့ ဒီ မီးပုံးပျံဆိုတာရဲ့ တန်ဖိုးကို နားမလည်တာပါ။ ခင်ဗျားအနေနဲ့ သစ်ပင်တပင် စိုက်ပြီး အဲဒီအပင်လေးကြီးလာတာတွေ့ရင် ဘယ်လို ခံစားရမလဲ။ အဲလိုပဲဗျ .. ကျနော်တို့ရဲ့ ဖန်တီးမှုကို ကောင်းကင်ပေါ်မှာ မြင်တွေ့ရတဲ့ပီတိကို လိုချင်လို့ ဒီအလုပ်ကို လုပ်တာပါ။ နောက်ပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်တခုကို ထိန်းသိမ်း လက်ဆင့်ကမ်းပြီး ကမ္ဘာကသိအောင် လုပ်ဖို့ ကျနော်တို့မှာ တာဝန် အပြည့်ရှိတယ်လို့ ထင်ပါတယ်” ဟု ဦးအောင်ဖြူက မီးပုံးပျံ ပြိုင်ပွဲဝင်ခြင်းနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောပြသည်။ ဧရာဝတီအင်တာနက် မဂ္ဂဇင်းမှ

၂၀၀၈ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်

No comments: