Wednesday, October 22, 2008

ဒေါ်အေးအေးဝင်းကို ရဲရင့်သော သတင်းသမားဆု ပေးအပ်

ဧရာဝတီ | အောက်တိုဘာ ၂၂၊ ၂၀၀၈


နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမား ဆုကို မြန်မာနိုင်ငံ ရန်ကုန်အခြေစိုက် အေပီ သတင်းထောက် ဒေါ်အေးအေးဝင်းအား ယနေ့တွင် ပေးအပ်သည်။
နိုင်ငံအတွင်းမှ သတင်းမှန်များကို နှစ်ပေါင်း ၂၀ နီးပါး စွန့်စား ရဲရင့်စွာ ရေးသားတင်ပြနေသော ဒေါ်အေးအေးဝင်း က သတင်းလွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်း၏ အာမခံချက်တခုပင် ဖြစ်သည်ဟု ပြောကြားလိုက်သည်။
“နိုင်ငံတည်ငြိမ်လွတ်လပ်မှုနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုဖြစ်ဖို့ အတွက် သတင်းလွတ်လပ်ခွင့် ဟာ ပဓာန ကျပါတယ်၊ ဒါကြောင့် ကျမရဲ့ သတင်းထောက် အလုပ်က ပြည်သူကို အလုပ်အကြွေးပြုရာ ရောက်သလို နိုင်ငံ အတွက်လည်း တစုံတရာ အာမခံချက်ပေးနိုင်တယ်လို့ ကျမ ယုံကြည် ပါတယ်”ဟု လည်း ဒေါ်အေးအေးဝင်းက ဆိုသည်။

အဆိုပါ အသက် ၅၄ နှစ်ရှိ ဒေါ်အေးအေးဝင်းရရှိသည့် ရဲရင့်သော သတင်းသမားဆုကိုမူ အေပီ သတင်းဌာန၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဂျွန် ဒန်းနစ္စဇွက်စ်ကီက ကိုယ်စား လက်ခံရယူခဲ့ခြင်းဖြစ်သည်။

ဂျွန် ဒန်းနစ်စဇွက်စ်ကီ က“မြန်မာ သတင်းထောက် ဒေါ်အေးအေးဝင်းဟာ ခြိမ်းခြောက် နှိပ်စက်မှုတွေကျင့်သုံးနေတဲ့ အာဏာပိုင်တွေ စောင့်ကြည့်နေတဲ့ကြားက အနှစ်၂၀ နီးပါး သတင်းမှန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းထုတ်ဖော် ရေးသားခဲ့သူဖြစ်ပါတယ်၊ သူဟာ မာန ထောင်လွှားတတ်သူလည်း မဟုတ်ပါဘူး”ဟု ချီးကျူးပြောကြားသည်။

ယင်းဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ မန်ဟက်တန်မြို့လယ်ရှိ Waldorf Astoria hotel တွင်ကျင်းပခြင်း ဖြစ်ပြီး နယူးရောက်မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ် နှင့် တခြားသော ဂုဏ်ထူးဆောင် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

“ဒီ သတင်းထောက်အလုပ်ဟာ အန်တရာယ်ရှိတဲ့ စွန့်စားမှုတခုဆိုတာ ဒေါ်အေးအေးဝင်းသိပါတယ်၊ သူ့ယောက်ျားနဲ့ သူ့အဖေ ကို စစ်ဗိုလ်ချုပ်တွေက ထောင်ချခဲ့ဖူးတယ်၊ သူ့ကိုလည်း ဖမ်းဆီးဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်၊ ဒါပေမယ့် သူ ဒီအလုပ်ကို နောက်မဆုတ်ခဲ့ဘူး” ဟုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီက ပြောသည်။

ဂျွန် ဒန်းနစ္စဇွက်စ်ကီက ဒေါ်အေးအေး၀င်းသည် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းမှန်များနှင့် ဗဟုသုတ တို့ကို ပြန်လည် ရေးသားတင်ပြသော သတင်းသမားများ၏ အစဉ်အလာကောင်းကို ကိုယ်စားပြုသူ တဦးလည်း ဖြစ်ကြောင်း ပြောဆိုသည်။

စစ်အစိုးရတရပ်က နှစ်ပေါင်း ၄၀ ခန့် အုပ်စိုးနေသော နိုင်ငံတနိုင်ငံရှိ သတင်းသမားများသည် ကြိုတင်တွက်ဆ မထားနိုင် သော အန္တရာယ်များ၊ ခြိမ်းခြောက်မှုများ၊ သတင်းလုပ်ငန်းများတွင် လွတ်လပ်မှုမရှိဘဲ စိုးရိမ်ကြောက်ရွံ့စွာ လုပ်ကိုင်ကြရ မှုများ စသည့်ပြဿနာများနှင့်ရင်ဆိုင် ကြရပြီး မြန်မာနိုင်ငံတွင်း သတင်းထောက်အလုပ်သည် စွန့်စားမှု တခုပင်ဖြစ်သည်ဟု ဒေါ်အေးအေးဝင်း ပေးပို့လိုက်သော အမှာစကား စာတစောင်ကိုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီက အခမ်းအနားတွင် ဖတ်ကြားသည်။

စစ်အစိုးရက သတင်းသမားများစွာကို ဖမ်းဆီး၍ တိကျသေချာသော ပြစ်မှုမဖော်ပြဘဲ ရာဇဝတ်မှု၊ အသရေ ဖျက်မှု၊ နိုင်ငံတော် ပုန်ကန်မှုများဖြင့် တရားစွဲဆိုအရေးယူမှုများရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် သတင်းလုပ်ငန်း လုပ်ကိုင်ခဲ့သော သူ၏ ဖခင်ကိုယ်တိုင် ထောင် သုံးကြိမ် ကျခဲ့ဖူးကြောင်း ဒေါ်အေးအေးဝင်းက ၎၏ စာတွင် ပြောပြထားသည်။

“ကျမတို့ နိုင်ငံမှာ ဘယ်သူပဲဖြစ်ဖြစ်၊ အထူးသဖြင့် သတင်းအလုပ်နဲ့ ပတ်သက်သူ ဆိုရင် အချိန်မရွေး အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲနဲ့ ဖမ်းဆီးစစ်ဆေး ခံရနိုင်ပါတယ်၊ ည သန်းခေါင် ဘယ်အချိန် တံခါး လာခေါက်မလဲ ဆိုတာကို စိုးရိမ် ထိတ်လန့်စွာ နေကြရသူတွေ ဖြစ်ပါတယ်”ဟုလည်း ဒေါ်အေးအေး၀င်း က ထည့်သွင်း ပြောဆိုထားသည်။

နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ်အတွက် အမျိုးသမီး ၄ ဦးကို ဆုရွေးချယ်ပေးအပ် ခဲ့ရာ ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း အပါအ၀င် အာဖဂန်နစ္စတန်သူ Fraida Nekzad နှင့် ဆိုက်ပရပ်စ် မှ Sevgul Uludag တို့ကိုပေးအပ်ပြီး အေပီ သတင်းဌာနအတွက် နှစ်ပေါင်း ၃၀ ကျော် စစ်သတင်း များနှင့် တခြားသော ကမ္ဘာ့ သတင်းများကိုရေးသားတင်ပြခဲ့ပြီး ယခု ကုလသမဂ္ဂတွင်ရှိသော အေပီ သတင်းဌာန သတင်းထောက်ချုပ် အမေရိကန် အခြေစိုက် Edith Lederer အသက် ၆၅ နှစ် ကိုမူ Lifetime Achievement Award ဆု ပေးအပ်သည်။

No comments: