Tuesday, October 21, 2008

မြစိမ်းရောင် မဟာတံတိုင်း သစ်တောပြုစုပျိုးထောင်ရေးစီမံကိန်း


အောင်သုတ (မြန်မာ့အလင်း)
၂၀၀၈ခုနှစ်၊ အောက်တိုဘာ ၂၁ရက်

ကမ္ဘာပေါ်တွင် အကြီးဆုံးသော သစ်တောပြုစုပျိုးထောင်ရေးစီမံကိန်း (Afforestation Project) မှာ တရုတ်နိုင်ငံတွင် အကောင်အထည် ဖော်လျက်ရှိသော “မြစိမ်းရောင် မဟာတံတိုင်း” (Green Great ြှှall) ဟု အမည်ပေးထားသော စီမံကိန်းဖြစ်သည်။

တားဆီးနိုင်ရန်ရည်ရွယ်
မြစိမ်းရောင် မဟာတံတိုင်းစီမံကိန်းအရ ၂၇၈၃မိုင် (ကီလိုမီတာ ၄၄၈၀) ရှည်လျားမည့် တောတန်းကြီး (Forest Belt) ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင်ထူထောင်လျက်ရှိသည်။ ယင်းစီမံကိန်းကိုအကောင် အထည်ဖော်သည့် ရည်ရွယ်ချက်မှာ သဲကန္တာရဖြစ်ထွန်းကျယ်ပြန့်မှု (Desertifcation) ကို ကာကွယ်ရန်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆမတန်တိုးချဲ့မှု (Over-Farming) ကို တားဆီးနိုင်ရန်ဖြစ်သည်။

မြစိမ်းရောင် မဟာတံတိုင်းစီမံကိန်းကို ၁၉၇၈ခုနှစ်တွင် စတင်ခဲ့ရာ ယခုအခါ နှစ်ပေါင်း၃၀ ရှိခဲ့ပေပြီ။ သစ်တောပြုစုပျိုးထောင်ရေးစီမံကိန်းကို ၂၀၅၀ပြည့်နှစ်အထိ ဆက်အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးချိန်၌ မြေနေရာဧက ၈၇ဒသမ၉သန်း(ဟက်တာ ၃၅ဒသမ၆သန်း) မှာ သစ်တောဖုံးလွှမ်းလျက်ရှိသည့် နယ်မြေအဖြစ်သို့ ပေါ်ထွန်းလာမည်ဖြစ်သည်။

အကာအကွယ်ပေးနိုင်
တရုတ်နိုင်ငံတော် သစ်တောရေးရာအုပ်ချုပ်ရေးအဖွဲ့(State forestry Administration) က ကမ်ဘာပေါ်တွင် အကြီးမားဆုံးသော သစ်တောပြုစု ပျိုးထောင်ရေး စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် သဲမုန်တိုင်းများ (Sand Storms) ဘေးအန္တာရယ်မှ အကာအကွယ် ပေးနိုင်မည်ဖြစ်သည်။

သစ်ပင်များသည် လေကာတန်း (Forest Shelter) အဖြစ် ရပ်တည်ပေးနိုင်ပြီး ဂိုဘီသဲကန်တာရ (Gobi Desert) ဘက်မှ သဲမုန်တိုင်းများ တိုက်ခတ်ခြင်းမှ မြို့ကြီးများအား ကာကွယ်ရာတွင် သစ်တောပြုစုပျိုးထောင်ရေးစီမံကိန်းက စွမ်းဆောင်နိုင်မည်ဖြစ်။ တရုတ်နိုင်ငံနှင့် မြက်ခင်းမြေ (Gress Land) မှ ကန်တာရမြေ သို့မဟုတ် လွင်တီးခေါင်အဖြစ်သို့ ပြောင်းလဲကာ ဂိုဘီသဲကန္တာရမှာ တစ်စတစ်စ ပိုမိုကျယ်ပြန့်လာနေသည်။

ဖုံးလွှမ်းနေ
ဂိုဘီသဲကန္တာရသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးသောသဲကန္တာရများတွင် ပါ၀င်ပြီး ဧရိယာစတုရန်းမိုင် ၆၀၀၀၀၀ ရှိသည်။ မန်ချူးရီးယား (Manchuria) ဒေသရှိ ဂရိတ်ခင်ဂန်တောင်တန်းများ (Great Khingan Montain) မှသည် တရုတ်နိုင်ငံ စင်ကိုင်ယန်း (Sinkiang) ဒေသအထိ မိုင်ပေါင်း ၁၅၀၀ခန့် မျှ ယင်းသဲကန္တာရသွယ်တန်း တည်ရှိနေသည်။ ဂိုဘီသဲကန္တာရ၏ နယ်မြေအများစုမှာ မွန်ဂိုလီးယား (Mongolia) နိုင်ငံအတွင်းတွင်ရှိသည်။

အာရှတိုက်တွင် အကြီးဆုံးသဲကန္တာရဖြစ်သော ဂိုဘီသဲကန္တာရ၏ နယ်မြေအများအပြားမှာ သဲထူထပ်ခြင်းမရှိဘဲ ကျောက်တုံးကျောက်ဆောင်များ ဖုံးလှှမ်းလျက်ရှိသည်။

အပြောင်းအလဲမြန်
ပင်လယ်ရေမျက်နှာပြင်ထက် ၂၉၅၃ပေအမြင့်တွင် ဂိုဘီသဲကန္တာရတည်ရှိသည်။ ဂိုဘီသဲကန္တာရဒေသ၏ မိုးရေချိန်မှာ တစ်နှစ်လျှင် ငါးလက်မမှ ရှစ်လက်မအထိရရှိသည်။ ဇူလိုင်လအပူချိန်မှာ ၁၅၀ဒီဂရီဖာရင်ဟိုက်၊ ဒီဇင်ဘာလအပူချိန်မှာ ၆၀ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး အပူချိန် ရုတ်ချည်းအပြောင်းအလဲမြန်သည်။

သဲကန္တာရဖြစ်ထွန်းကျယ်ပြန့်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး တစ်နှစ်လျှင်ဒေါ်လာ ၅၀ဘီလီယံဖိုးခန့် ဆုံးရှုံး နေရသည်။ သဲကန္တာရကျယ်ပြန့်လာခြင်းနှင့်အတူ တရုတ်နိုင်ငံတစ်ဝန်းတွင် သဲမုန်တိုင်းများ ကျရောက်လေ့ရှိသည်။ သဲမုန်တိုင်းများကြောင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကိုပါ ထိခိုက်ခဲ့ရသည်။

သစ်တောဖုံးလွှမ်းမှု
၇၃နှစ်ကြာမြင့်သည့် သစ်ပင်စိုက်ပျိုးရေးစီမံကိန်း၏ ပထမဆုံးအဆင့်မှာ ၂၀၀၁ခုနှစ်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ မြို့တော်ပေကျင်း အနီးတစ်ဝိုက်ဒေသ များတွင် သစ်တောဖုံးလွှမ်းမှုမှာ နယ်မြေဧရိယာ၏ ၁၃ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီဖြစ်သည်။

မြစိမ်းရောင်မဟာတံတိုင်းစီမံကိန်းအရ လွန်ခဲ့သည့်နှစ်ပေါင်း၃၀ ကာလအတွင်း မြေနေရာဟက်တာ ၂၅ဒသမ၀၇သန်းနှင့် သစ်ပင်များ စိုက်ပျိုး နိုင်ခဲ့သည်။ သစ်တောပြုစုပျိုးထောင်ခြင်း၏ရလဒ်အဖြစ် သဲကန္တာရနယ်တွင် ၂၀ရာခိုင်နှုန်းကျော်မှာ စိမ်းလန်းစိုပြည်သည့်နယ်မြေအဖြစ်သို့ ကူးပြောင်းလာခဲ့ပြီး မြေဆီလွှာပြုန်းတီးမှု (Soil Erosion) ပြဿနာကို ထိန်းချုပ်နိုင်ပြီဟု ဆိုထားသည်။

ကောက်ပဲသီးနှံအထွက်တိုး
သစ်ပင်များက လေကာတန်းအဖြစ် ရပ်တည်ပေးမှုကြောင့် စိုက်ပျိုးမြေဟက်တာ သန်း၂၀ကို သဲမုန်တိုင်းများ ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ပြီး ကောက်ပဲသီးနှံ တစ်နှစ်လျှင် တန်ချိန် ၁၁သန်းအထိ အထွက်တိုးခဲ့သည်။

စီမံကိန်းစတင်ခဲ့ချိန်မှစ၍ တရုတ်နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပြည်နယ် ၁၃ ပြည်နယ်၊ ခရိုင်အားဖြင့် ၅၅ခရိုင်တွင် သစ်ပင်များစိုက်ပျိုးခဲ့ပြီးဖြစ်ပေသည်။

ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ရေး (Eco-Conservation) စီမံကိန်းဖြစ်သည့် သစ်ပင်စိုက်ပျိုးရေးနှစ်ရှည်စီမံကိန်းသည် တရုတ်နိုင်ငံ စုစုပေါင်းကုန်းမြေဧရိယာ၏ ၄၂ဒသမ၄ ရာခိုင်နှုန်း သို့မဟုတ် စတုရန်းကီလိုမီတာ ၄ဒသမ၀၆၉ သန်း အကျုံးဝင်လျက်ရှိသည်။

စံနမူနာပြ
ဤစီမံကိန်းအရ ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့်အပြင် မြက်ခင်းမြေ (Grassland) ဟက်တာသန်း ၃၀၏ ဂေဟစနစ်များကို တိုးတက်စေကာ တိရစ္ဆာန်အစာအဖြစ်အသုံးပြုသော မြက် (Fooder Grass) ထွက်ရှိမှု တစ်နှစ်လျှင် ၄ဒသမ၄၅သန်းအထိ မြင့်တင်ပေးနိုင်ပြီဖြစ်သည်။

အချုပ်ဆိုရသော် ရာသီဥတုနှင့် ကမ္ဘာ့လေထု၏အလွှာကို ထိန်းသိမ်းပြီး ကာဗွန်ဓာတ်သိုလှောင်ရာ သဘာဝ အဆောက်အအုံဖြစ်သော သစ်တောကြီးများတည်ရှိမှသာ လူသားတို့နှင့် သက်ရှိတို့ ရပ်တည်နိုင်မည်ဖြစ်ရာ တရုတ်နိုင်ငံ၏ မြစိမ်းရောင်မဟာတံတိုင်း စီမံကိန်းသည် ကမ္ဘာပေါ်တွင် စံနမူနာပြနိုင်သော သစ်တောပြုစုပျိုး ထောင်ရေး စီမံကိန်းကြီးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။ ။

ကိုးကား-အင်တာနက်အချက်အလက်များ။

No comments: