NEJ / ၁၅ အောက်တိုဘာ ၂၀၀၈။ ။
သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ပါရဂူဘွဲ့ရ ဆရာဆရာမ (၂၃) ဦးကို တာဝန် ဝတ္တရားဆောင်ရွက်ရန် ပျက်ကွက်မှုဖြင့် ထုတ်ပယ်လိုက်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာထားသည်။
ထုတ်ပယ်ခံရသူ အများစုမှာ ကွန်ပျူတာတက္ကသိုလ်မှဖြစ်ပြီး အခြားသူများမှာ စစ်ကိုင်း၊ ကလေး၊ အေးသာယာ၊ စစ်တွေ၊ ထားဝယ်နှင့် တောင်ငူစသည့် ဒေသများရှိ နည်းပညာတက္ကသိုလ်နှင့် နည်းပညာကောလိပ်များမှ ဆရာ ဆရာမများဖြစ်သည်။
၎င်းတို့အားလုံးသည် သက်ဆိုင်ရာဌာနများတွင် တာ၀န်ထမ်းဆောင်နေစဉ် မိခင်ဌာနနှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် ဌာနကလိုက်လံစုံစမ်းကာ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ထုတ်ပယ်ခံရသူအချို့ အနက် စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ နိုင်ငံတော်စရိတ်ဖြင့် ပညာသင်ကြားရန် စေလွှတ်လိုက်သူများလည်း ပါဝင်ကြောင်း သိရသည်။
ပါရဂူဘွဲ့ရ ဆရာ ဆရာမများ မည်သည့်အတွက် သက်ဆိုင်ရာဌာနမှ ထွက်ပြေးသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အမည်မဖော်လိုသည့် ရန်ကုန် တက္ကသိုလ် ဆရာဟောင်းတဦးကမူ ဒေါက်တာဘွဲ့ရများ ထွက်ပြေးသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး “နိုင်ငံခြားမှာ နိုင်ငံတော်က စရိတ်တွေအကုန်ခံပြီး ပညာသင်ပေးထားတဲ့ ဒေါက်တာဘွဲ့ရတွေကို ထိုက်ထိုက်တန်တန် နေရာပေးရမယ့်အစား သူတို့သင်ခဲ့တဲ့ အဆင့်မြင့်ပညာအတွက် facility မရှိတဲ့ တောကြိုတောင်ကြားက ကောလိပ်တွေမှာ Posting ထားပေးတော့ ပြေးမှာပေါ့၊ အနာဂတ်မှ မရှိတော့တာ၊ ရတဲ့လခကလည်း မစားလောက်၊ ကိုယ့်ပညာကိုလည်း စစ်အစိုးရက အသိအမှတ်မပြုတဲ့အတွက် ထွက်ပြေးတာများမယ် ထင်တယ်၊ တခုတော့ရှိတယ် ထွက်ပြေးတဲ့ ဒေါက်တာတွေကို နာမယ်ပျက်စာရင်းသွင်းတဲ့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တခြား သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပြီးမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက စာရင်းထုတ်ပြန်တာဖြစ်ပါလိမ့်မယ်၊ ခုလို နိုင်ငံခြားပညာသင်ပြီးမှ ထွက်ပြေးတဲ့ ပညာရှင်တွေ တခြားဌာနတွေမှာလည်း အများကြီးပါပဲ။ စစ်ဗိုလ်အုပ်ချုပ်တဲ့ဌာနတွေမှာ ပိုပြီးတောင် ထွက်ပြေးကြတာများပါတယ်” ဟု ပြောသည်။
ထုတ်ပယ်ခံရသူတို့ အနေဖြင့် ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့်အတိုင်း သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာ ကျပ်ငွေ အနည်းဆုံး (၅) သိန်းမှ အများဆုံး (၃၄) သိန်းထိ လျော်ကြေးပေးရမည်ဖြစ်ပြီး လျော်ကြေးမပေး သူများသည် တည်ဆဲဥပဒေအရ စာချုပ်ချိုးဖောက်မှုဖြင့် တရားစွဲခံရမည်ဟု ပြီးခဲ့သည့် သြဂုတ်(၇) နေ့ထုတ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထုတ်ပယ်ခံရသူ (၂၃) ဦးတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဒေါက်တာဝင်းနိုင် Ph.D (EP) ရန်ကုန်နည်းပညာ တက္ကသိုလ်(ဒီဇင်ဘာ ၂၀၀၇ ထုတ်ပယ်၊ (၂၃) သိန်းလျော်ရန်)
၂။ ဒေါက်တာ ဇော်နိုင် Ph.D (EP) နည်းပညာကောလိပ် (ကလေး)၊ (ဇန်န၀ါရီ ၂၀၀၇ ထုတ်ပယ်၊ (၂၃) သိန်းလျော်ရန်)
၃။ ဒေါက်တာသီသီမိုး Ph.D. (Mech) နည်းပညာတက္ကသိုလ်(ပခုက္ကူ)၊ (ဖေဖော်၀ါရီ ၂၀၀၈ ထုတ်ပယ်၊ (၂၃) သိန်းလျော်ရန်)
၄။ ဒေါက်တာအောင်ခိုင်ဟိန်း Ph.D. (Civil) နည်းပညာတက္ကသိုလ်(တောင်ငူ)၊ (ဖေဖော်ဝါရီ ၂၀၀၈ ထုတ်ပယ်၊ (၂၃) သိန်းလျော်ပြီး)
၅။ ဒေါက်တာ ကလျာဆွေ Ph.D. (Civil) နည်းပညာတက္ကသိုလ်(တောင်ငူ)၊ (မတ် ၂၀၀၈ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၆။ ဒေါက်တာ မန်းသူဇာထွန်း Ph.D. (Arch) သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန (နေပြည်တော်)၊ (မတ် ၂၀၀၈ ထုတ်ပယ် (၃၄) သိန်းလျော်ပြီး)
၇။ ဒေါက်တာ သက်သက်နွယ် Ph.D. (Arch) စက်မှုနှင့်သက်မွေးပညာဦးစီးဌာန (ဧပြီ ၂၀၀၈ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၈။ ဒေါက်တာ ဌေးဌေးရွှေ Ph.D. (Civil) စက်မှုနှင့်သက်မွေးပညာဦးစီးဌာန (နေပြည်တော်) ( ဧပြီ ၂၀၀၈ ထုတ်ပယ် (၃၄) သိန်းလျော်ရန်)
၉။ ဒေါက်တာ စုလှိုင်အောင် Ph.D. (EC) နည်းပညာကောလိပ် (စစ်ကိုင်း)၊ (ဒီဇင်ဘာ ၂၀၀၇ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၁၀။ ဒေါက်တာ နန်ဒာထွန်းဦး Ph.D. (EC) နည်းပညာတက္ကသိုလ်(မိတ္တီလာ)၊ ( မတ် ၂၀၀၈ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၁၁။ ဒေါက်တာ နွယ်နီ Ph.D. (Engg: Physics) နည်းပညာတက္ကသိုလ်(ထားဝယ်)၊ ( ဇန်နဝါရီ ၂၀၀၆ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး)
၁၂။ ဒေါက်တာ ချိုချို Ph.D. (Engg: Maths) ဂျီတီစီ (အေးသာယာ)၊ ( စက်တင်ဘာ ၂၀၀၆ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး)
၁၃။ ဒေါက်တာ ဇော်နိုင်ဦး Ph.D. (Engg: Maths) နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ( မေ ၂၀၀၇ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး)
၁၄။ ဒေါက်တာ ယဉ်မူသန့် Ph.D. (Engg: Physics) နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ( အချက်အလက်မရ)
၁၅။ ဒေါက်တာ မျိုးမျိုးနိုင် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ ( စက်တင်ဘာ ၂၀၀၆ ထုတ်ပယ်၊ (၁၀) သိန်းလျော်ပြီး စင်ကာပူနိုင်ငံ နန်းယန်နည်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံသို့ ပညာတော်သင်စေလွှတ် မြန်မာနိုင်ငံပြန်လာပြီးနောက် တာဝန်ပေးအပ်ထားသည့်နေရာသို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်းမရှိ)
၁၆။ ဒေါက်တာ ခင်မျိုးဝင်း Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ (စက်တင်ဘာ ၂၀၀၆ ထုတ်ပယ်၊ (၁၀) သိန်းလျော်ပြီး စင်ကာပူနိုင်ငံ နန်းယန်းနည်းပညာတက္ကသိုလ်ပညာတော်သင်စေလွှတ်၊ မြန်မာနိုင်ငံပြန်လာပြီး လအနည်းငယ်သာ တာဝန်ထမ်းဆောင်ပြီး ဌာနခွင့်ပြုချက်မရဘဲ နိုင်ငံခြားသို့ထွက်ခွာသွားသည်)
၁၇။ ဒေါက်တာ နွယ်နီထွန်း Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ ( ဒီဇင်ဘာ ၂၀၀၇ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး ဂျပန်နိုင်ငံသို့ ပညာတော်သင်စေလှှတ် မြန်မာနိုင်ငံပြန်မလာတော့ဘဲ စင်ကာပူအမျိုးသား တက္ကသိုလ်တွင် ဝင်ရောက်လုပ်ကိုင်နေသည်)
၁၈။ ဒေါက်တာ သီသီဇင် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ (ဇန်န၀ါရီ ၂၀၀၈ ထုတ်ပယ်၊ (၁၀) သိန်းလျော်ပြီး ဂျပန်နိုင်ငံ အိုဆာကာမြို့တက္ကသိုလ်ပညာတော်သင် စေလွှတ်လိုက်ပြီးကတည်းက အဆက်အသွယ်မရတော့)
၁၉။ ဒေါက်တာ ဥမ်မာခိုင် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ (အောက်တိုဘာ ၂၀၀၆ (၁၅) သိန်းလျော်ရန်)
၂၀။ ဒေါက်တာ လှသန်း Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ (မေ ၂၀၀၈ ထုတ်ပယ်၊ (၁၈)သိန်းလျော်ရန်)
၂၁။ ဒေါက်တာ အေးသန်တာ Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ ( ဇွန်၂၀၀၇ ထုတ်ပယ်၊ (၁၈) သိန်းလျော်ရန်) မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် သြစတြေးလျတို့တွင် အစိုးရအထောက်အပံ့ဖြင့် သင်တန်းနှင့်အစည်းအဝေးများ တက်ရောက်ခဲ့သည်)
၂၂။ ဒေါက်တာ အေးအေးနွယ် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ ( ဇွန် ၂၀၀၇ ထုတ်ပယ်၊ (၁၅) သိန်းလျော်ရန်)
၂၃။ ဒေါက်တာ ဇင်မာသန်းနှင့် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊ ( မေ ၂၀၀၈ ထုတ်ပယ်၊ (၁၈)သိန်းလျော်ပြီး )
ခေတ်ပြိုင်သတင်းဂျာနယ်
Thursday, October 16, 2008
တာဝန်ပျက်ကွက်မှုဖြင့် ပါရဂူဘွဲ့ရဆရာ (၂၃) ဦး အလုပ်မှအထုတ်ခံရ
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment